Saturday, March 28, 2020

ကျောက်တော်မြို့ပေါ်တစ်ခုတည်းတွင် စစ်ဘေးရှောင် ၆၀၀၀ ကျော်အထိတိုးလာ



ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဉ္စရာ၊ မတ် ၂၇ / ၂၀၂၀

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်တစ်ခုတည်းတွင် စစ်ဘေးရှောင် ၆၀၀၀ ကျော်အထိ တိုးမြင့်လာသည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့မှ စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ဝါ၀ါက ̏ စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော်သွားပြီ။ နောက်ထပ် ဘယ်လောက်ထိ များလာမယ်ဆိုတာတော့ အခုအချိန်မှာ မသိရသေးဘူး။ ဒီနယ်မြေက စစ်ဖြစ်နေတဲ့ နယ်မြေဆိုတော့ နောက်ထပ်လည်း ရောက်လာနိုင်တယ်။ စာသင်ကျောင်းတွေနဲ့ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်းတွေမှာ လူခွဲပြီးတော့ ထားရတယ်။ အခုကစားရေးသောက်ရေးကိုဘဲ ဦးစားပေးနေရတာ ဆိုတော့ တစ်ခြား ကိစ္စတွေကို စဉ်စားဖို့အချိန်မရသေးဘူး˝ဟု ပြောသည်။

စစ်ဘေးရှောင်ရန်ရောက်ရှိလာကြသည့် ကျေးရွာသားများမှာ ပြိုင်းတိုင်း၊ လောင်ရှည်၊ မီးဝ၊ မုန့်သန်းပြင်၊ ဂြင့်ခါးစေ့၊ အောင်သာယာ၊ ကျောက်တန်း၊ တင်းမ၊ ကျော်ရွှီပြင်၊ ကွမ်းဇွဲ၊ သာစည်၊ မျောက်တောင်၊ ရွှေပြည်၊ ပီချောင်းစသောကျေးရွာများဖြစ်ကြသည်။

ကျောက်တော်ဒေသခံ ပရဟိတ အကျိုးဆောင် ဦးမောင်ထွန်းခင်က “ အခု စစ်ဘေးရှောင်တွေကို ကျောက်တော်မြို့ပေါ်က နေရာ ၁၁ ခုမှာ ခွဲပြီးထားရပါတယ်။ လူက အရမ်းများလာတဲ့ အတွက် တစ်နေရာတည်းမှာ ထားလို့ မရဘူး။ ကျောက်တော်မြို့ပေါ်တစ်ခုတည်းမှာ လူဦးရေ ၆၀၀၀ ကျော်ရှိနေပါပြီ။ ရွာတွေမှာရောက်နေတာ၊ ဆွေမျိုးတွေ နေအိမ်မှာ ခိုလှုံနေကြတာဆိုရင် ကျောက်တော်တမြို့နယ်လုံးမှာ လူဦးရေ နှစ်သောင်း နီးပါးလောက်တော့ ရှိမယ်ထင်ပါတယ်” ဟု ပြောကြားသည်။

ကျောက်တော်မြို့ပေါ်တွင် ရောက်ရှိနေကြသော စစ်ဘေးရှောင်များမှာ အထက (ကျောက်တော်)တွင်- ၁၉၉၁ ဦး၊ အထက (မြို့မ) တွင် ၁၁၃၈ ဦး၊ နေပူခံ IDP စခန်းတွင် ၁၁၁၅ ဦး၊ မြို့တော်ခန်းမတွင် ၅၃၉ ဦး၊ ကံကြီးရှင်ဘုရားတွင် ၅၆၁ ဦး၊ သာသနာ့ဗိမာန်တွင် ၃၀၆ ဦး၊ ပိုက်သည် (မူလွန်ကျောင်း)တွင် ၂၃၉ ဦး၊ ရှမ်းရွာ (အထကခွဲ)တွင် ၁၅၈ ယောက်၊ မြို့သစ် (အမက- ၁) တွင် ၁၆၃ ယောက်၊ မြို့သစ် (အမက- ၃)တွင် ၁၉၁ ယောက်၊ ပြည်တော်သာ မူလွန် (ဦးဥတ္တမကျောင်း)တွင် ၁၂၀ တို့ ဖြစ်ကြောင်း သိရသည်။

၎င်းကျေးရွာသားများသည် ရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားမှုများရှိသလို ရွာထဲသို့ လက်နက်ကြီး ကျည်များလည်း ကျရောက်ပေါက်ကွဲမှုများရှိပြီး လူများသေဆုံး ဒဏ်ရာရခြင်းများ ရှိနေကြောင်း၊ နေအိမ်များလည်း မီးလောင်မှုများရှိနေသဖြင့် ကြောက်လန့် ထွက်ပြေးလာကြသူများ ဖြစ်ကြသည်။

̏ လိုအပ်ချက်တွေကတော့ အများကြီးပါဘဲ။ တစ်နေ့ကို ဆန် ၄၂ အိတ် ချက်ရတယ်။ ဒါတောင် အထက (ကျောက်တော်)က လူပေါင်း ၁၉၉၁ ဦးနဲ့ ပြည်တော်သာ မူလွန် ဥတ္တမကျောင်းက ၁၂၀ ကျော် မပါသေးဘူး။ အဲဒီက လူပေါင်း ၂၀၀၀ ကျော်က ကျောက်တော်မြို့သူ မြို့သားတွေက ထမင်းထုတ်တွေ ကောက်ပြီး ကျွေးနေကြပါတယ်။ အဓိက အခက်အခဲကတော့ အစားအသောက် အခက်အခဲ ဖြစ်ပါတယ်။ အ၀တ်အထည်တွေနှင့် သောက်ရေသန့် တွေက အခုချိန်မှာ အဓိကလိုအပ်နေတယ်။ အခုအချိန်က ကိုရိုနာဗိုင်းရပ်စ်ကိုလည်း ကြောက်နေရတဲ့ အချိန်ဆိုတော့ ဆပ်ပြာတွေလည်း လိုအပ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း ပိုလိုအပ်ပါတယ်။ နေ့လယ် ၁၂နာရီလောက်ကနေ မွန်းလွဲ ၂ နာရီလောက်ထိတော့ ကျန်းမာရေးဝန်ထမ်းတွေလာလို့ နေပေးတယ်˝ဟု ၄င်းကပြောသည်။

၎င်းစစ်ဘေးရှောင်များအတွက် လူကယ်ပြန်မှ ကူညီသော ဆန် ၁၈၄ အိတ်သာ ရရှိခဲ့သေးကြောင်း၊ အစိုးရမှ ရောက်စတုန်းက တစ်ဦးကို ငွေ ၅၀၀ ကျပ်စီ ထောက်ပံ့မှုရှိခဲ့ကြောင်း၊ ICRC၊ WFP နှင့် UN တို့မှ စာရင်းများ ကောက်ယူသွားသော်လည်း အကူအညီပေးမှုတော့ မရှိသေးကြောင်း ဦးမောင်ထွန်းခင်က ပြောဆိုသည်။